မြန်မာစာရဲ့ အသက်သွေးကြောဖြစ်တဲ့ ပြောဟန်နဲ့ ရေးဟန် အသုံးအနှုန်းများအကြောင်း တစေ့တစောင်း

မြန်မာစာရဲ့ အသက်သွေးကြောဖြစ်တဲ့ ပြောဟန်နဲ့ ရေးဟန် အသုံးအနှုန်းများအကြောင်း တစေ့တစောင်း

မင်္ဂလာပါ။ ဒီနေ့မှာတော့ ကျွန်တော်တို့ နေ့စဉ်သုံးစွဲနေတဲ့ မြန်မာစာမှာ အရမ်းအရေးကြီးပေမယ့် လူတော်တော်များများ သတိမထားမိတတ်တဲ့ “ပြောဟန်” နဲ့ “ရေးဟန်” အကြောင်းကို ဆွေးနွေးတင်ပြသွားချင်ပါတယ်။ မြန်မာစာကို ရေးသားတဲ့နေရာမှာ စကားပြောနေသလိုမျိုး သဘာဝကျကျ အပြောဆန်ဆန်ရေးတဲ့စနစ်ကို ပြောဟန်လို့ခေါ်ပြီး၊ အပြောမဆန်ဘဲ စည်းမျဉ်းစည်းကမ်းကျကျ စာဆန်ဆန်ရေးတဲ့စနစ်ကိုတော့ ရေးဟန်လို့ သတ်မှတ်ကြပါတယ်။ ပုံမှန်အားဖြင့် ပြောဟန်ကို ကိုယ်ရေးကိုယ်တာ ပေးစာတွေ၊ ဝတ္ထုတွေထဲက ဇာတ်ကောင်တွေရဲ့ အပြန်အလှန် စကားပြောခန်းတွေ၊ ဟောပြောပွဲ မိန့်ခွန်းတွေနဲ့ ယေဘုယျအားဖြင့် ပေါ့ပေါ့ပါးပါး ဖတ်ရှုနိုင်တဲ့ ဆောင်းပါးတွေ၊ ဘလော့ဂ်တွေမှာ အများဆုံး သုံးလေ့ရှိပါတယ်။ ရေးဟန်ကိုတော့ တရားဝင်ထုတ်ပြန်တဲ့ သတင်းတွေ၊ ပညာရပ်ဆိုင်ရာ ကျမ်းစာအုပ်တွေ၊ စာတမ်းတွေနဲ့ ရုံးသုံးစာရွက်စာတမ်းတွေဖြစ်တဲ့ အစည်းအဝေးမှတ်တမ်း၊ အမိန့်ကြေညာစာ စတာတွေမှာ မဖြစ်မနေ အသုံးပြုရပါတယ်။ စကားစပ်လို့ ပြောရရင် အခု ပရိသတ်တွေ ဖတ်ရှုနေတဲ့ ဒီဆောင်းပါးလေးကိုတောင်မှ ကျွန်တော်က ဖတ်ရတာ ပိုပြီးရင်းနှီးမှုရှိစေဖို့နဲ့ နားလည်ရလွယ်ကူစေဖို့အတွက် “ပြောဟန်” ကိုပဲ အသုံးပြုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

ဒီနှစ်ခုရဲ့ အဓိက ကွာခြားချက်ကို သေချာလေ့လာကြည့်မယ်ဆိုရင် ဝေါဟာရစကားလုံးတွေ ကွာခြားသွားတာမျိုး သိပ်မရှိဘဲ သဒ္ဒါပိုင်းဆိုင်ရာ စကားလုံးတွေမှာသာ သိသိသာသာ ကွဲလွဲသွားတာကို တွေ့ရပါလိမ့်မယ်။ ဥပမာအနေနဲ့ ပြောရရင် “မောင်တင့်ဟာ မန္တလေးကနေ ရန်ကုန်ကို ရထားနဲ့ ဆင်းလာတယ်” ဆိုတဲ့ ဝါကျလေးကိုကြည့်ပါ။ ဒါက စကားပြောတဲ့နေရာမှာ သုံးတဲ့ ပြောဟန်အစစ် ဖြစ်ပါတယ်။ ဒီဝါကျကိုပဲ တရားဝင် ရေးဟန်ပြောင်းလိုက်မယ်ဆိုရင်တော့ “မောင်တင့်သည် မန္တလေးမှ ရန်ကုန်သို့ ရထားဖြင့် ဆင်းလာသည်” ဆိုပြီး ပြောင်းလဲသွားမှာပါ။ ဒီနေရာမှာ မောင်တင့်၊ မန္တလေး၊ ရန်ကုန်၊ ရထား၊ ဆင်းလာ ဆိုတဲ့ အခြေခံ ဝေါဟာရတွေက လုံးဝ ပြောင်းလဲသွားခြင်းမရှိပါဘူး။ ဒါပေမယ့် နာမ်နောက်ဆက်တွေဖြစ်တဲ့ ‘ဟာ’ နေရာမှာ ‘သည်’၊ ‘ကနေ’ နေရာမှာ ‘မှ’၊ ‘ကို’ နေရာမှာ ‘သို့’၊ ‘နဲ့’ နေရာမှာ ‘ဖြင့်’ စသဖြင့် ပြောင်းလဲသွားသလို၊ ကြိယာနောက်ဆက်ဖြစ်တဲ့ ‘တယ်’ နေရာမှာလည်း ‘သည်’ ဆိုပြီး သဒ္ဒါစကားလုံးတွေ ပြောင်းလဲအသုံးပြုသွားတာကို မြင်တွေ့ရမှာပါ။ အလားတူပဲ အမေးဝါကျတွေ၊ အငြင်းဝါကျတွေမှာလည်း ကွာခြားမှုတွေ ရှိပါတယ်။ ဥပမာ “သူ ဘာလို့ ကျောင်းမလာတာလဲ” ဆိုတဲ့ ပြောဟန်ကို ရေးဟန်နဲ့ဆိုရင် “သူ အဘယ်ကြောင့် ကျောင်းမလာသနည်း” ဆိုပြီး ရေးရမှာဖြစ်သလို၊ “သူ ဒီနေ့ ကျောင်းမလာဘူး” ဆိုတဲ့ အငြင်းဝါကျကို “သူ ယနေ့ ကျောင်းမလာပါ” ဆိုပြီး ပြောင်းလဲရေးသားရမှာ ဖြစ်ပါတယ်။

ဒါဆိုရင် ဒီပြောဟန်နဲ့ ရေးဟန်ကို ကွဲကွဲပြားပြားသိဖို့က ဘာဖြစ်လို့ ဒီလောက်တောင် အရေးကြီးနေရတာလဲဆိုတဲ့ မေးခွန်းရှိလာနိုင်ပါတယ်။ ပထမအချက်ကတော့ စာရေးသူတစ်ယောက်အနေနဲ့ ကိုယ်ရေးသားမယ့် အကြောင်းအရာ၊ ဦးတည်တဲ့ ပရိသတ်နဲ့ လိုက်ဖက်ညီမယ့် ဟန်ကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်မှသာ စာဖတ်သူဆီကို သတင်းစကား သေချာရောက်ရှိနိုင်မှာ ဖြစ်လို့ပါပဲ။ ဒုတိယအချက်အနေနဲ့ကတော့ အခုခေတ်လို နည်းပညာတွေ တိုးတက်လာတဲ့အချိန်၊ အထူးသဖြင့် Natural Language Processing (NLP) လို့ခေါ်တဲ့ သဘာဝဘာသာစကား နားလည်မှုနည်းပညာတွေ၊ ဉာဏ်ရည်တု (AI) မော်ဒယ်တွေကို မြန်မာစာ သင်ကြားပေးတဲ့ နေရာတွေမှာ ဒီအချက်က အသက်တမျှ အရေးကြီးနေလို့ပဲ ဖြစ်ပါတယ်။ စက်တွေကို မြန်မာစာ နားလည်အောင် စာသားအချက်အလက်စု (Corpus) တွေ တည်ဆောက်တဲ့အခါ ပြောဟန်နဲ့ ရေးဟန်ကို တိတိကျကျမခွဲခြားဘဲ ရောထွေးပြီး သင်ပေးလိုက်မယ်ဆိုရင် AI က ထုတ်ပေးတဲ့ စာတွေဟာ ဖတ်ရတာ သဘာဝမကျဘဲ စက်ရုပ်ဆန်နေမှာ အသေအချာပါပဲ။ ဥပမာ စာတမ်းတစ်ခုကို AI ကနေ ပြန်ဆိုခိုင်းတဲ့အခါ ရေးဟန်နဲ့ ထွက်ရမယ့်အစား ပြောဟန် စကားလုံးတွေ ညှပ်ပါလာတာမျိုး၊ ဒါမှမဟုတ် Chatbot တွေက လူနဲ့ စကားပြောတဲ့အခါ ရေးဟန်ကြီးနဲ့ တောင့်တောင့်ကြီး ပြန်ဖြေနေတာမျိုးတွေ ဖြစ်ကုန်နိုင်ပါတယ်။ ဒါကြောင့် ကွန်ပျူတာဘာသာစကား နားလည်မှုနည်းပညာတွေ ပိုမိုဖွံ့ဖြိုးလာဖို့နဲ့ ဘာသာစကားဆိုင်ရာ ဒေတာဘေ့စ်တွေ တည်ဆောက်တဲ့နေရာမှာ ဒီသဒ္ဒါရေးရာ ကွဲပြားချက်တွေကို စနစ်တကျ မှတ်တမ်းတင်ပြီး ခွဲခြားသတ်မှတ်နိုင်ဖို့က မရှိမဖြစ် လိုအပ်နေတာပဲ ဖြစ်ပါတယ်။

အောက်မှာတော့ နေ့စဉ်သုံး မြန်မာစာမှာ အတွေ့ရများတဲ့ သဒ္ဒါစကားလုံးတွေဖြစ်တဲ့ နာမ်နောက်ဆက်၊ ကြိယာနောက်ဆက်၊ အမေးစကား၊ အငြင်းစကားနဲ့ အဓိပ္ပာယ်ဆက်စကားတွေကို ပြောဟန်ကနေ ရေးဟန်ကို ဘယ်လိုပြောင်းလဲအသုံးပြုရမလဲ ဆိုတာကို အလွယ်တကူ လေ့လာနိုင်ဖို့အတွက် ဇယားလေးတစ်ခုနဲ့ သေချာ နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်။

ပြောဟန်ဥပမာရေးဟန်ဥပမာ
တယ်စာဖတ်တယ်သည် / ၏စာဖတ်သည် / စာဖတ်၏
မယ်အိမ်ပြန်မယ်မည်အိမ်ပြန်မည်
ဟာဒီစာအုပ်ဟာ ကောင်းတယ်သည်ဤစာအုပ်သည် ကောင်းမွန်သည်
ကအမေက ချက်တယ်သည်မိခင်သည် ချက်ပြုတ်သည်
ကရန်ကုန်က ပြန်လာတယ်မှရန်ကုန်မှ ပြန်လာသည်
နဲ့ဖေဖေနဲ့မေမေနှင့်ဖခင်နှင့်မိခင်
နဲ့ခဲတံနဲ့ ရေးတယ်ဖြင့်ခဲတံဖြင့် ရေးသည်
ရဲ့နိုင်ငံရဲ့ တိုးတက်မှုနိုင်ငံ၏ တိုးတက်မှု
လို့မှန်တယ်လို့ ထင်တယ်ဟုမှန်သည်ဟု ထင်မြင်သည်
သိပ်သိပ်လှတယ်အလွန်အလွန်လှပသည်
ဒီလိုဒီလို စဉ်းစားတယ်ဤသို့ဤသို့ စဉ်းစားသည်
ဟိုလိုဟိုလို ပြောလိုက်တယ်ထိုသို့ထိုသို့ ပြောလိုက်သည်
တွေလူတွေများလူများ
လို့မိုးရွာလို့ မသွားဘူးမိုးရွာ၍ မသွားပါ
မ…ဘူးမစားချင်ဘူးမ… ပေ/ပါမစားလိုပေ / မစားလိုပါ
ဒါပေမယ့်ဒါပေမယ့် ကြိုးစားမယ်သို့သော် / သို့ရာတွင်သို့သော် ကြိုးစားမည် / သို့ရာတွင် ကြိုးစားမည်
ပေမယ့်ပင်ပန်းပေမယ့် ပျော်တယ်သော်လည်းပင်ပန်းသော်လည်း ပျော်ရွှင်သည်
ဒီဒီနေရာသည် / ဤသည်နေရာ / ဤနေရာ
ဟိုဟိုအိမ်ထို / ယင်း / ၎င်းထိုအိမ် / ယင်းအိမ် / ၎င်းအိမ်
ဒီနေ့ဒီနေ့ သွားမယ်သည်နေ့ / ယနေ့သည်နေ့ သွားမည် / ယနေ့ သွားမည်
ခဏခဏ နားမယ်ခေတ္တခေတ္တ နားမည်
ရတာလုပ်ရတာ လွယ်တယ်ရသည်မှာလုပ်ရသည်မှာ လွယ်ကူသည်
တာပြောတာ ဆိုတာခြင်းပြောခြင်း ဆိုခြင်း
တာ (ဝါကျအဆုံးသတ်)စာဖတ်နေတာခြင်းဖြစ်သည်။စာဖတ်နေခြင်းဖြစ်သည်။
ဆိုတာပညာဆိုတာ အလင်းရောင်ဆိုသည်မှာပညာဆိုသည်မှာ အလင်းရောင်
တာကိုသီချင်းဆိုတာကို ဝါသနာပါခြင်းကို / သည်ကိုသီချင်းဆိုခြင်းကို ဝါသနာပါသည် / သီချင်းဆိုသည်ကို ဝါသနာပါသည်
ဘာဘာလုပ်သလဲမည်သည့် / မည်သည်ကို / အဘယ်မည်သည်ကို လုပ်သနည်း / အဘယ်အရာ လုပ်သနည်း
လဲဘယ်သူလဲနည်းမည်သူနည်း
သလဲဘယ်သွားသလဲသနည်းမည်သို့ သွားသနည်း
တာလဲဘယ်လိုလုပ်တာလဲသနည်းမည်သို့ လုပ်သနည်း
မလဲဘယ်တော့ လာမလဲမည်နည်းမည်သည့်အခါ လာမည်နည်း
ဘာလို့ဘာလို့ ငိုတာလဲအဘယ်ကြောင့်အဘယ်ကြောင့် ငိုသနည်း
လား / သလားမှန်ရဲ့လား / မှန်သလားသလောမှန်ကန်ပါသလော
ဘယ်ဘယ်စာအုပ်မည်သည့် / အဘယ်မည်သည့်စာအုပ် / အဘယ်စာအုပ်
ဘယ်သူဘယ်သူ လာတာလဲမည်သူမည်သူ လာသနည်း
ဘယ်လိုဘယ်လို ဖြစ်တာလဲမည်သို့မည်သို့ ဖြစ်သနည်း
ဘယ်အချိန်ဘယ်အချိန် စမလဲမည်သည့်အချိန်မည်သည့်အချိန် စတင်မည်နည်း
ဘယ်နေရာဘယ်နေရာမှာ နေလဲမည်သည့်နေရာမည်သည့်နေရာတွင် နေထိုင်သနည်း
အခုအခု စမယ်ယခုယခု စတင်မည်
မယ့်ရေးမယ့်စာမည့်ရေးမည့်စာ
တဲ့ကြီးတဲ့သစ်ပင်သည့် / သောကြီးမားသည့်သစ်ပင် / ကြီးမားသောသစ်ပင်
အုံးစားပါအုံးဦးစားပါဦး
လဲသူလဲ လိုက်မယ်လည်းသူလည်း လိုက်မည်
ရင်မိုးရွာရင် မသွားဘူးလျှင်မိုးရွာလျှင် မသွားပါ
တာကပြောချင်တာကသည်ကပြောလိုသည်က
မှာရန်ကုန်မြို့မှာတွင် / ၌ရန်ကုန်မြို့တွင် / ရန်ကုန်မြို့၌
ဖို့ဖတ်ဖို့ ယူလာတယ်ရန်ဖတ်ရန် ယူလာသည်
ချင်သိချင်တယ်လိုသိလိုသည်
ဖို့အတွက်အောင်မြင်ဖို့အတွက်ရန်အလို့ငှာအောင်မြင်ရန်အလို့ငှာ
အကြိမ်ထပ် ကြိယာဝိသေသနလှလှပပစွာလှပစွာ
လိုကလေးတစ်ယောက်လိုကဲ့သို့ကလေးတစ်ဦးကဲ့သို့
သလိုသင်ပေးသလို လုပ်တယ်သကဲ့သို့ / သည့်အတိုင်းသင်ပေးသကဲ့သို့ လုပ်သည် / သင်ပေးသည့်အတိုင်း လုပ်သည်
အရင်အရင်နှစ်ကယခင်ယခင်နှစ်က
ဆီအမေ့ဆီထံမိခင်ထံ
ဆီကိုဆရာ့ဆီကိုထံသို့ဆရာ့ထံသို့
ဆီကသူငယ်ချင်းဆီကထံမှမိတ်ဆွေထံမှ
ဒါကြောင့်ဒါကြောင့် အောင်မြင်တာထို့ကြောင့်ထို့ကြောင့် အောင်မြင်ခြင်းဖြစ်သည်
ဒါပြင်စာတော်တယ် ဒါပြင် လိမ္မာတယ်ထိုပြင်စာတော်သည် ထိုပြင် လိမ္မာသည်
ဒါတင်မကလှတယ် ဒါတင်မက ဉာဏ်ကောင်းတယ်ထိုမျှမကလှပသည် ထိုမျှမက ဉာဏ်ကောင်းသည်
ထဲ (အထဲ)အိမ်ထဲမှာအတွင်းအိမ်အတွင်း၌
စပြီးမနက်ဖြန်ကစပြီးနက်ဖြန်မှစ၍
တဲ့ပန်းသီး၊ လိမ္မော်သီး တဲ့စသည့် / သောပန်းသီး၊ လိမ္မော်သီး စသော
တဲ့အထိပြီးတဲ့အထိသည့်တိုင် / သည်အထိပြီးဆုံးသည့်တိုင် / ပြီးဆုံးသည်အထိ
တကယ်တော့တကယ်တော့ မလွယ်ဘူးစင်စစ်စင်စစ် မလွယ်ကူပေ
တကယ်လို့တကယ်လို့ မိုးရွာရင်အကယ်၍အကယ်၍ မိုးရွာလျှင်
ဘာဖြစ်လို့လဲ ဆိုတော့မလာဘူး ဘာဖြစ်လို့လဲဆိုတော့ ဖျားနေလို့အဘယ်ကြောင့် ဆိုသော်မလာပါ အဘယ်ကြောင့်ဆိုသော် ဖျားနေသောကြောင့်ဖြစ်သည်
စရာဝမ်းသာစရာဖွယ်ရာဝမ်းမြောက်ဖွယ်ရာ
တော့ခက်တော့ ခက်တယ်ကားခက်ကား ခက်ခဲသည်
တာပေါ့ဟုတ်တာပေါ့ပါသည်ဟုတ်မှန်ပါသည်။
တာပေါ့စားကြတာပေါ့ပါမည်စားကြပါမည်။
သလောက်လုပ်နိုင်သလောက်သမျှ / သရွေ့လုပ်နိုင်သမျှ / လုပ်နိုင်သရွေ့
ဒီလောက်ဒီလောက် အရေးကြီးတယ်ဤမျှဤမျှ အရေးကြီးသည်
ဒီလိုဒီလို လုပ်ရမယ်ဤသို့ဤသို့ လုပ်ဆောင်ရမည်
ဟိုလိုဟိုလိုမျိုး မဟုတ်ဘူးထိုသို့ထိုသို့ မဟုတ်ပေ

နိဂုံးချုပ်အနေနဲ့ ပြောရရင်တော့ မြန်မာစာရဲ့ ပြောဟန်နဲ့ ရေးဟန်ဆိုတာဟာ ခေတ်ကာလတွေ ဘယ်လောက်ပဲ ပြောင်းလဲသွားပါစေ မြန်မာစာပေရဲ့ အနှစ်သာရကို ထိန်းသိမ်းပေးထားတဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးကို ဖတ်ရှုခြင်းအားဖြင့် မြန်မာစာဝါသနာရှင်တွေ၊ ဘာသာစကားလေ့လာနေသူတွေနဲ့ နည်းပညာနယ်ပယ်က သုတေသီတွေအတွက် ပြောဟန်နဲ့ ရေးဟန်ရဲ့ ကွဲပြားမှုတွေကို ပိုမိုနားလည်သဘောပေါက်သွားစေမယ်လို့ မျှော်လင့်မိပါတယ်။

ရေးသားသူ - ခန့်ဆင့်ဟိဏ်း

Related Posts